ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန်  ဇန်နဝါရီ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယနေ့မွန်းလွဲ (၃) နာရီက ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးလှစိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမင်းစမ်းအေးနှင့် တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄) ခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး က အဖွင့်အမှာစကား ပြောကြားရာတွင် နွေရာသီတွင် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ပြင်ဆင်ထားမှု အခြေအနေ၊ ရာသီဥတု ပြောင်းလဲလာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်တွေကို ကြုံတွေ့လာနိုင် သောကြောင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ သဘာဝဘေး အန္တရာယ်များကို နိုင်ငံတကာမှာလည်း ကြုံတွေ့နေရပါကြောင်း၊ လုပ်ငန်းတာဝန်များ ခွဲဝေဆောင်ရွက်နိုင်ရန်အတွက် တိုင်းအဆင့်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ကို ဖွဲ့စည်းပြီး စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်း ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေး လုပ်ငန်းကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေး စောက်ရှောက်ရေး လုပ်ငန်းကော်မတီ၊ ကနဦးလုပ်ငန်း လိုအပ်ချက်များကို စစ်တမ်းကောက်ယူရေး လုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်းကျောင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ တို့ကို မိမိတို့ လုပ်ငန်းကော်မတီအလိုက် စနစ်တကျ ဖွဲ့စည်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာခဲ့ပြီး ပြန်လည်ထူထောင်နိုင်သည်အထိ စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအလိုက် သဘာဝဘေးအန္တရာယ်ကိစ္စများ ဖြစ်ပေါ်လာပါက အဆိုပါနေရာသို့ အမြန်ဆုံးဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများ၊ မြို့နယ်အလိုက် အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းမှု၊ သင်တန်းပေးမှု၊ လေ့ကျင့်မှု၊ ထောက်ပံ့ပေးမှုနှင့် သယ်ယူပို့ဆောင်ရေးတွေကို စနစ်တကျဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း နိုင်ငံတော်အဆင့် သဘာဝဘေးအန္တရာယ်များကို မည်သို့ပူးပေါင်း ဆောင်ရွက်ရမည့် အခြေအနေများကို ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမင်းစမ်းအေးက မြို့နယ်အလိုက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းရန် လျာထားမှု၊ သင်တန်းပေးမည့် အစီအမံများ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးခရိုင် (၄) ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မိမိတို့ ခရိုင်အလိုက် အရန်မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းထားသော အခြေအနေ၊ ကြိုတင်ကာကွယ် ဆောင်ရွက်နေမှု အခြေအနေ၊ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာကြသူများက မိမိတို့ဌာန အလိုက် ဆောင်ရွက်ရမည် အခြေအနေများကို အထွေထွေဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အထွေထွေတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)