ပုံပါကျင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေး နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ပုံပါကျင် ဇန်နဝါရီ   ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံပါကျင်မြို့ရုံးအနေနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အကျင့် ကောင်းများ ရရှိလာစေရန်နှင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည်တိုက်လုပ်ငန်းများ‌ ဆောင်ရွက်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀နာရီက ပုံပါကျင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်း ဆောင်ရွက်ခဲ့‌‌ကြောင်း သိရသည်။

ရှေးဦးစွာ ပုံပါကျင်မြို့ အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးယဉ်က မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းအရာ များကို အသိပညာပေး ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးက နယ်လှည့်လှုပ်ရှားမှု ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ မူးယစ် ဆေးဝါး အန္တရာယ်ရှောင်ကြည်ဖွယ်ရာများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် နောက်ဆက်တွဲထိခိုက်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ် အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်သူများမှ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာ‌စောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ‌ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)