မောက်မယ် ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ် ကလေးများ အာဟာရ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MCCT (Maternal and Child Cash Transfer) နှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ရေး၊ စာရင်းကောက်ယူရန်အတွက် ရပ်/ကျေးစာရေးများနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များအား ပူးပေါင်းပြီး ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ချိုချိုလွင်က MCCT နှင့် ပတ်သက်၍ အကျုံးဝင်သည့် အကျိုးခံစားခွင့်ရှိသူများအား စာရင်းအသစ် ကောက်ယူရေးနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေး ပို့ချခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်ချောစုမာက Digital Literacy / KBZ pay ဖွင့်လှစ်အသုံးပြုပုံအကြောင်း ရှင်းလင်းဆွေးနွေးပို့ချခဲ့သည်။
အဆိုပါ သင်တန်းသို့ ရပ်/ကျေးစာရေးများနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်