သုံးခွမြို့နယ်တွင် ဆောင်းသီးနှံပဲတီစိမ်းစိုက်ပျိုးမှု‌ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

သုံးခွ ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်‌တွင် မိုးစပါးရိတ်သိမ်းပြီးသွား၍ ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးသော တောင်သူတို့သည် မြေအစိုဓာတ်ရှိချိန်အတွင်း နိုဝင်ဘာလလယ်မှ စတင်ကာဆောင်းသီးနှံ ပဲတီစိမ်း အချိန်မီထွန်ယက် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။  

တောင်သူတို့သည်မိုးစပါးများ ရိတ်သိမ်းပြီးသောလယ်ယာမြေများထဲမှ ကောက်ရိုး ပြတ်များကို မီးရှို့ရှင်းလင်းဖယ်ရှာပြီးနောက် ပထမဦးစွာသံဗန်းများ တပ်ဆင် ထားသော ထွန်စက်ကြီးများဖြင့် မြေကြီးကို တစ်လွှာလှန်၍နှစ်ရက်သုံးရက် မြေစိုင်ခဲများခြောက် အောင်ထားရကြောင်း၊ ထို့နောက်ကွန်ပေါင်း ဓာတ်မြေဩဇာကို မြေခံအဖြစ်ထားကာ ထွန်စက်ကြီးများဖြင့် မြေစိုင်မြေခဲများကြေညက်အောင် တစ်လွှာ ထပ်မံထွန်ယက်ရကြောင်း၊ ပြီးနောက်မျိုး ပဲကြဲကာတစ်လွှာထပ်မံထွန်ယက်၍ မြေကြီးဖြင့်ပဲမျိုးစေ့များ ဖုံးအုပ်အောင်ပြုလုပ်စိုက်ပျိုးရကြောင်း၊ သုံးခွမြို့နယ် ညောင်လန်းကုန်းကျေးရွာ နေပဲတီစိမ်းစိုက်ပျိုးသူ တောင်သူဦးစိန်ကြီးက‌ ပြောကြားခဲ့သည်။

ပဲစိုက်ပျိုးရာတွင် မြေအမျိုးအစား၊ မျိုးကောင်းမျိုးသန့်ရွေးချယ်မှု၊ ပြုစုပျိုးထောင်ပုံ၊ နည်းစနစ်မှန်ကန် ကောင်းမွန်မှု၊ စိုက်ပျိုးချိန်၊ ဆွတ်ခူးချိန်တို့၌ ရာသီဥတု ကောင်းမွန်ပြီး၊ ပိုးမွှားအန္တရာယ်ကျရောက်မှုနည်းပါးပါက တစ်ဧကတင်း(၂၀)ကျော် ထွက်နိုင်‌ကြောင်းသိရသည်။ ယခုနှစ်‌‌ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုးရာသီတွင် တောင်သူလယ်သမားကြီးများ စိုက်ပျိုးထားသည့် ပဲတီစိမ်းစိုက်ကွက်များမှာ‌ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်ကို‌ တွေ့ရသည်။ သုံးခွမြို့နယ်တွင် ဆောင်းသီးနှံ ပဲတီစိမ်းရွှေဝါနှင့်ရေဆင်းပဲအမျိုးအစားကိုအဓိက စိုက်ပျိုးကြပြီး စိုက်ပျိုးပြီးချိန်နှစ် လခွဲအကြာတွင် ဆွတ်ခူးကြ‌ကြောင်းသိရသည်။ သုံးခွမြို့နယ်တွင် ကျေးရွာ(၆၄) အုပ်စုနှင့် မြို့မ(၁)အုပ်စုစု‌ ပေါင်း(၆၅)အုပ်စုရှိသည့်အနက် ယမန်နှစ် ၂၀၂၁ ခုနှစ်က ပဲတီစိမ်း (၁၃၀,၁၈၃)ဧက၊ ယခုနှစ် ၂၀၂၂ ခုနှစ်တွင် ပဲတီစိမ်း (၁၂၉,၄၈၈)ဧက စိုက်ပျိုးစိုက်ပျိုးနိုင်ခဲ့‌ကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးတင်မြင့်အောင်က‌ ပြောကြားသည်။

စည်သူလင်း ပြန်/ဆက်