ကန်ကြီးထောင့် ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ဘဲဂရက်-ဒီးဒုတ်ကွန်ကရစ်လမ်း ဖွင့်ပွဲအား ယနေ့နံနက်၉နာရီက အဆိုပါလမ်းမုဒ်ဦးရှေ့၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် နိုင်ငံတစ်ဝှမ်းကျေးရွာနှင့် မြို့နေပြည်သူများ ကွာဟမှုမရှိစေရန်အတွက် လမ်း၊ တံတားနှင့် လျှပ်စစ်မီးများ ရရှိစေရန် ဆောင်ရွက်ခဲ့သည်မှာ အစိုးရအဆက်ဆက် ဖြစ်ပါကြောင်း၊ တည်ဆောက်ပြီးစီးသည့် လမ်း၊ တံတားများ ရေရှည်တည်တံ့စေရန်အတွက် ဒေသခံပြည်သူများမှ လည်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ဘဲဂရက်-ဒီးဒုတ်လမ်းသည် ကန်ကြီးထောင့်မြို့၊ ပုသိမ်မြို့နှင့် အနီးဆုံးတည်ရှိသောကြောင့် ဒေသခံပြည်သူများအတွက် သွားလာရေး ပိုမိုလွယ်ကူ စေမည့်အပြင် များစွာအကျိုးဖြစ်ထွန်းမည့် လမ်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလင်းထိုက်က ကွန်ကရစ်လမ်း ဖော်ဆောင်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံပြည်သူတစ်ဦးမှ ကွန်ကရစ်လမ်း ဖော်ဆောင်ပေးခဲ့မှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်ခင်နွယ်တို့ ကကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဘဲဂရက်-ဒီးဒုတ်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းအား တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လမ်းအရှည် ၈မိုင်အား တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ၃မိုင်ဆောင်ရွက်ပြီး ဖြစ်သည်။ ဘဲဂရက်-ဒီးဒုတ်လမ်းအား ကျေးရွာ၂၈ရွာမှ အိမ်ခြေ၁၉၆၀အိမ်၊ လူဦးရေ ၉၆၅၀ဦး မှီခိုအားထားရသော လမ်းတစ်ခုဖြစ်ပြီး ကျန်ရှိသည့် ၅မိုင်အား ဆောင်ရွက်ပြီးစီးပါက ၎င်းလမ်းပေါ်၌ တည်ရှိသည့် ချောင်းညီနောင်တွင် ပေ၂၀၀ တံတားတစ်စင်းနှင့် ဒီးဒုတ်အုပ်ကျေးရွာအုပ်စုတွင် ပေ၁၅၀ တံတားတစ်စင်း တည်ဆောက်ရမည်ဖြစ်ကာ တံတားများတည်ဆောက်ပြီးစီးပါက အိမ်မဲမြို့နယ်အတွင်းရှိ ညောင်ကုန်းချောင်းဖျား-သရက် ကုန်းလမ်းနှင့် တိုက်ရိုက် ဆက်သွယ်သွားမည်ဖြစ်ပြီး အိမ်မဲမြို့နှင့် ကန်ကြီးထောင့်မြို့ အလွယ်တကူ သွားလာနိုင်မည့်အပြင် ပုသိမ်မြို့အထိပါ ခရီးမိုင်တိုစွာ ဖြတ်သန်းသွားလာနိုင်ဖြစ်ကြောင်း သိရသည်၊၊
လှမင်းထွဋ်