ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ

မြစ်ကြီးနား  သြဂုတ် ၂၅

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးတို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကြည်း ၂၃၇၄၂ ဗိုလ်မှူးကြီးနေလင်းထွန်း အစား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ကြည်း ၂၉၁၉၇ ဗိုလ်မှူးကြီး ကျော်လင်းအောင်က လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ် ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ) ဦးဇခေါင်ခန်းရယ် က ကချင်ပြည်နယ် အစိုးရအဖွဲ့၏ “ကချင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” ကို လွှတ်တော်သို့ တင်သွင်းရာ အဆိုပါဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော် ဥပဒေကြမ်းကော်မတီက စိစစ်ချက်အစီရင်ခံစာကို တင်သွင်းခဲ့ပြီး အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်သည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)