တံတားဦးမြို့နယ် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

တံတားဦး  ဇန်နဝါရီ ၁၄

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများမှ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို  အပတ်စဉ်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကာကွယ်ဆေးများကို မွေးကင်းစမှ အသက်(၂)နှစ်အောက်  သတ်မှတ်ထားသည့်အကြိမ်နှင့် အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်များအား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး(၉)မျိုးနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေး ခဲ့ကြောင်းသိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် နံနက်(၉)နာရီမှ (၁၂)နာရီအတွင်း ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(တံတားဦး)