ဗန်းမော် ဇန်နဝါရီ ၁၄
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် နွေစပါးနှင့်ဆောင်းသီးနှံများစိုက်ပျိုးမည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာ ဖြင့်ဇန်နဝါရီ ၁၁ ရက်နေ့မှ စတင်၍ ဗန်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။
စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သောဓာတ်မြေဩဇာများကို ပြည်ပမှ ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူတင်သွင်းရန် ခက်ခဲနေသည့်အချိန်တွင် ပြည်တွင်းဓာတ်မြေဩဇာစက်ရုံများက ထုတ်လုပ်သော ယူရီးယားဓာတ်မြေဩဇာများကို လက်ငင်းငွေချေစနစ်ဖြင့် တောင်သူများထံ ရောင်းချပေးလျက်ရှိရာ ဗန်းမော်မြို့နယ်တွင် ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင် ၃၈ဝဝဝ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ပထမအကြိမ်အဖြစ် ယူရီးယားဓာတ်မြေဩဇာ ၆၄ဝ အိတ်ကို ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထို့အပြင် ဗန်းမော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နွေစပါးသီးနှံ တစ်ဧကလျှင် စပါင်းတင်း ၁၂ဝ ထွက်ရှိရေးအတွက် မျိုးကောင်း မျိုးသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ ဆောင်းသီးနှံများ စနစ်တကျစိုက်ပျိုးနှင့် အထွက်နှုန်းတိုးစေခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သီးစိမ်းမြေဩဇာများ ပြုလုပ်သုံးစွဲစေခြင်းများအပြင် ဓာတ်မြေဩဇာများကို အချိန်ကိုက်အချိုးကျ စနစ်တကျ ထည့်သွင်းအသုံးပြုရေးစသည့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ထပ်မံရောက်ရှိလာမည့် ယူရီးယားဓာတ်မြေဩဇာများကိုလည်း ဆက်လက်ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ဗန်းမော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင်ထံမှ သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)