ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကျောက်ဆည်   ဇန်နဝါရီ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထု အခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သတ်၍ လုံခြုံစိတ်ချရသောပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန်၊ လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာများအား ကျောင်းသား/ ကျောင်းသူများ သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်က ရာသီဥတုပြောင်းလဲမှုနှင့်ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းစံက လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ လေထုညစ်ညမ်းမှုအမျိုးအစားများနှင့် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း ကိုအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးအောင်က အိုဇုံးလွှာပျက်စီးနေမှုများနှင့် ရာသီဥတုအခြေအနေ များ၊ အိုဇုံးလွှာပျက်စီးလာမှုကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများ၊ ရှောင်ကြဉ်ရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား စာပေဖတ်ရှု ခြင်းဖြင့် အသိပညာပိုမိုတိုးတက်စေရန်အတွက် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်းနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

တင်တင်ထွေး