မန္တလေး ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးခွင့်ရှိသူမဲစာရင်းများကို ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၁၄ ရက်ထိ ထုတ်ပြန် ကြေညာခဲ့ရာ ဖြည့်စွက်ရန်တောင်းဆိုသူ တစ်သိန်းလေးသောင်း ခြောက်ထောင်ကျော်ရှိပြီး ကန့်ကွက်လွှာတင်သူ သုံးသောင်းလေးထောင်ကျော်သာရှိခြင်းကြောင့် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခဲ့သည့် မဲပေးခွင့်ရှိသူ (၄,၅၇၈,၈၁၃) ဦးထက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုတွင် တိုးလာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မဲစာရင်းကြေညာပြီးနောက် မဲပေးခွင့်ရှိပြီး မဲစာရင်းမပါဝင်၍ ပုံစံ(၃)ဖြင့် ဖြည့်စွက်ရန် တောင်းဆိုသူ (၁၄၆၆၁၃) ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်လွှာတင်သူ (၃၄၈၉၈) ဦး၊ ပုံစံ(၄-ဂ)ဖြင့် စာလုံးပေါင်း၊ သတ်ပုံစသဖြင့် ကိုယ်ရေး အချက်အလက်မှားယွင်းမှုပြင်ဆင်သူ (၆၈၂၃၂) ဦးရှိပြီး မဲပေးလိုသည့် နယ်မြေဒေသတွင် ဆန္ဒမဲပေးရန် ပုံစံ(၃-က) လျှောက်ထားလာသူစာရင်းမှာ ပြုစုဆဲဖြစ်ကြောင်း သိရသည်။
“မဲစာရင်းပြင်ဆင်ရတဲ့အခါ ပုံစံ(၃)နဲ့တောင်းဆိုသူများပြီး (၄)နဲ့ကန့်ကွက်သူလျော့တယ်ဆိုရင် မဲပေးခွင့်ရှိသူ တိုးလာမယ်။ ပုံစံ(၃)က မဲစာရင်းမပါလို့တောင်းဆိုတာ။ ပုံစံ(၄)ဆိုတာက မပါသင့်သူ ပါလို့ကန့်ကွက်တာ။ အဲဒီနှစ်ခုခြားနားလိုက်ရင် ဘယ်လောက်တိုးလာမလဲဆိုတာသိမယ်။ မဲစာရင်းတိုးလာဖို့ အလားအလာရှိပြီး ဘယ်လောက်တိုးလာမယ်လို့တော့ အတိအကျမပြောနိုင်သေးဘူး” မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။
မဲပေးခွင့်ရှိသူ မဲစာရင်းများကြေညာခြင်းကို ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၈ ရက်ထိ ၁၄ ရက် သတ်မှတ်ခဲ့ရာက ဩဂုတ်လ ၁၄ ရက်နေ့ထိ ၇ ရက်တိုးကြေညာခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလတွင် ထပ်မံကြေညာ ပေးမည်ဖြစ်ကြောင်း၊ မဲစာရင်းနှင့်ပတ်သက်ပြီး ပြင်ဆင်ခြင်း/ကန့်ကွက်ခြင်းများအတွက် ရွေးကောက်ပွဲဥပဒေတွင် ပြဌာန်းထားသည့် ပုံစံများဖြင့် လျှောက်ထားရခြင်းဖြစ်ကြောင်း သိရသည်။
“ရေလွှမ်းမိုးတဲ့ဒေသတွေဆိုရင် မဲစာရင်းကပ်တာကို လာမကြည့်နိုင်တာတွေရှိလို့ ၇ ရက်တိုးပြီး ကြေညာခဲ့တယ်။ လက်ရှိနေထိုင်ရာမှာ မဲပေးနိုင်ဖို့ဆိုရင် ပုံစံ(၃-က)နဲ့ လျှောက်ထားရမယ်။ ရပ်/ကျေးကော်မရှင်က လက်ခံပြီး မြို့နယ်ကော်မရှင်မှာ မဲစာရင်းသွင်းတယ်။ တစ်ဖက်က မဲစာရင်းမှာ လှမ်းဖျက်ရတဲ့လုပ်ငန်းစဉ်တွေ ရှိတယ်။ ရက်ပေါင်း ၉၀ အတွင်း လုပ်ရတဲ့လုပ်ငန်းစဉ်ဖြစ်ပြီး လျှောက်တဲ့သူတွေရှိတယ်၊ ပြုစုလို့မပြီးသေးဘူး” ဟု ၎င်းကဆက်လက် ပြောကြားသည်။
မဲစာရင်းနှင့်ပတ်သက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လူဦးရေစာရင်းပြုစုကြောင်း၊ မဲဆန္ဒပေးပိုင်ခွင့်ရှိသူသည် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် ၁၈ နှစ်ပြည့်ပြီး နိုင်/ပြု/ဧည့်ကတ် တစ်ခုခုကိုင်ဆောင်ထားသူဖြစ်ရန် လဝကမှ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြစ်ကာ ထိုစာရင်းကို ရွေးကောက်ပွဲကော်မရှင်မှ ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)