မိတ္ထီလာ ဇန်နဝါရီ ၁၄
မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကို ယမန်နေ့ နံနက်က ကံကြီးကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၏ ရည်ရွယ် ချက်၊ အကျိုးကျေးဇူးနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးသင်တန်း တာဝန်ခံမှ ရေထု၊ လေထု ညစ်ညမ်းမှုဖြစ်ပေါ်စေနိုင်သော အကြောင်းအရာများနှင့် ကာကွယ်ရေး နည်းလမ်းများ၊ စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲမှုစနစ်၊ ယင်လုံအိမ်သာ ကျင့်သုံးတတ်စေရန်၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် မြေယာပြုပြင်ခြင်း၊ မြေဆီလွှာ လှိုက်စားမှုကာကွယ်ခြင်း၊ ဓာတုဗေဒသုံး စိုက်ပျိုးရေးပစ္စည်းများ လျှော့ချသုံးစွဲခြင်းနှင့် သဘာဝမြေသြဇာ၊ အော်ဂနစ် သွင်းအားစုများ သုံးစွဲမှုမြှင့်တင်ခြင်း အကြောင်းအရာများကို သင်ကြားပို့ချခဲ့သည်။
အဆိုပါ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာမြစိမ်းရောင် စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း၊ ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် သင်တန်းသား ၃၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)