ရမ်းဗြဲမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်မည့် ကျေးရွာများအားရန်ပုံငွေလွှဲပြောင်းပေးအပ်

ရမ်းဗြဲ ဇန်နဝါရီ  ၁၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိးရေးစီမံကိန်း(VDP)ကျေးရွာ(၄)ရွာအား ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရုံးအစည်း အဝေးခန်းမ၌ကျင်းပသည်။

ကျေးရွာဖွံ့ဖြိးရေးစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းက ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်းဆောင်ရွက်မည့် ကျေးရွာတစ်ရွာချင်းလိုက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွာသင်္ဘောဆိပ်ကျေးရွာအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်နိုင်ဦးက ဆင်ဆီကျေးရွာအားလည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမျိုးလွင်က ထောင့်ချိန်ကျေးရွာအား လည်းကောင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးအောင်ထွန်းက တောင်ရွာကျေးရွာအားလည်းကောင်း နိုင်ငံတော်မှထောက်ပံ့သော ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ကြသည်။ 

ရမ်းဗြဲမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂- ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် ဖွံ့ဖြိုးရေးလုပ်ငန်း များကို ကျေးရွာ(၄)ရွာ၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာချင်းအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အနေဖြင့် ရွာသင်္ဘောဆိပ်ကျေးရွာ၊ ဆင်ဆီကျေးရွာ၊ တောင်ရွာကျေးရွာတို့တွင် ကွန်ကရစ်ဘီးလမ်းခင်းခြင်းသုံးလမ်းနှင့် ထောင့်ချိန်ကျေးရွာတွင် ကျောက်စီရေတွင်းနှစ်တွင်း ဆောင်ရွက်ကြမည်ဖြစ် ကြောင်း သိရသည်။

ထို့ကဲ့သို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျေးရွာဖွံ့ဖြိုးရေးကော်မတီများမှ ဦးဆောင်ကာ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ကြမည်ဖြစ်ပြီး ကျေးရွာ(၁) ရွာစီအား နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)၊ ကျေးရွာ(၄)ရွာတွင်ကျေးရွာသူ၊ ကျေးရွာသားများမှ ပစ္စည်းအပါအဝင်လုပ်အားခတန်ဖိုး (၉၇၈၀၀၀၀)ကိုပံ့ပိုး၍ ကျေးရွာ(၄)ရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်း များကို ငွေကျပ်(၄၉၇၈၀၀၀၀)ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)