မိုင်းငေါ့ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်(၁၀)နာရီ အချိန်ခန့်က မိုင်းငေါ့မြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်ဟောပြောပွဲကို ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးခဲ့ပြီးနောက် စာကြည့်တိုက်မှူး ဒေါ်မို့မို့က ကျောင်းသား၊ ကျောင်းသူလေးများအား စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာ ဗဟုသုတများစွာ ရရှိလာစေရန်နှင့် စိတ်အပန်းဖြေ ပျော်ရွှင်စေရန်အတွက် ရတနာပန်းခင်း ကလေးများအတွက် မဂ္ဂဇင်းစာအုပ်မှ မိုးဇော်ဦး ရေးသားထားသော “ကျီးကန်း၊ ဇီးကွက်နှင့် ဥဩငှက်တို့အကြောင်း” စာအုပ်ဖြင့် ပုံပြောခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား စာအုပ်စာပေများ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် စာဖတ်ဝိုင်းကို ဆက်လက် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
မြင့်သွယ်