သက်ကြီးဘိုးဘွား(၂၃)ဦးအား အိမ်တိုင်ရာအရောက် လူမှုရေးပင်စင်ပေးအပ်

မိုင်းယန်း ဇန်နဝါရီ ၁၄

နိုင်ငံတော်အစိုးရသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့်အာဟာရ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမူရေးပင်စင် ထောက်ပံ့ငွေများကို ဇန်နဝါရီ ၁၃ ရက်နေ့က မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၇)ရွာမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၃)ဦးတို့အား အိမ်တိုင်ရာအရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။

နိုင်ငံတော်မှ လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက် ၈၅ နှစ်အထက် သက်ကြီးအဘိုး အဘွားများအား တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ နယ်စပ်ဒေသ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ လောက်ကျန်ကျေးရွာ၊ ယန်းခိုင်ကျေးရွာ၊ ဝမ်တောင်းကျေးရွာ၊ နမ့်မုတ်ကျေးရွာ၊ ပုံလုံကျေးရွာ၊ ပန်ဆောင်ကျေးရွာနှင့် မိုင်းလွေကျေးရွာတို့ရှိ လူမှုရေးပင်စင်ရရှိသော အဘိုး(၆)ဦးနှင့် အဘွား(၁၇)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၃)သောင်းစီဖြင့် စုစုပေါင်း ငွေကျပ်(၆၉၀၀၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး