နမ္မတူ ဇန်နဝါရီ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လအထိ ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့ငွေပေးအပ်နိုင်ရေး စာရင်းကောက်ယူခြင်းသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒေါ်လှလှထွေး (လူမှုဝန်ထမ်း-၄)က ကိုယ်ဝန်ဆောင် မိခင်အကျိုးခံစားသူ အမည်စာရင်းသွင်းခြင်း၊ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ စာရေးများက သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။
ထို့သို့ ကိုယ်ဝန်ဆောင် မိခင်အကျိုးခံစားသူ အမည်စာရင်းသွင်းခြင်း၊ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေး ကျန်းမာရေး မှတ်တမ်းစာအုပ် မဖြစ်မနေ လိုအပ်ပါသဖြင့် နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် မိခင်နှင့်ကလေး ကျန်းမာရေး မှတ်တမ်းစာအုပ်ရရှိရေး ဆောင်ရွက်ထားရန် လိုအပ်ပြီး ဇန်နဝါရီလ (၂၅)ရက်နေ့ နောက်ဆုံးထား၍ အကျိုးခံစားသူ အမည်စာရင်းသွင်းခြင်း၊ မှတ်ပုံတင်ခြင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်ပိုးမဉ္ဇူထံက သိရသည်။
လူမော်