တောင်ကြီး ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက် စွာကာကွယ်နိုင် ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည် နှိုးဆော်ခဲ့သည်။
အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေးများ၏ ထိရောက်မှုလျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် မိမိအနေဖြင့် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ပြသ၍ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်အတိုင်း တိကျစွာ လိုက်နာကြရန်၊ မိဘပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ် တကျ လိုက်နာပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)