သံတွဲမြို့နယ် အောက်နန်းချောင်းကျေးရွာ၌နေအိမ်လေးလုံးမီးလောင်မှုဖြစ်ပွါး

သံတွဲ ဇန်နဝါရီ  ၁၃

သံတွဲမြို့နှင့် နှစ်မိုင်ခန့်အကွာရှိ အောက်နန်းချောင်းကျေးရွာတွင် ဇန်နဝါရီ ၁၃ ရက် နေ့လည် ၁၂:၂၅ နာရီအချိန်ခန့်က နေအိမ်လေးလုံးမီးလောင်မှုဖြစ်ပွါးကြောင်းသိရှိရသည်။ မီးလောင်မှုဖြစ်ပွါးရာသို့ သံတွဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၂၁ ဦးသည် မီးသတ်ယာဉ် ၂ စီး ၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်ပြီး ကျေးရွာရှိ ပြည်သူများနှင့်အတူ မီးငြိမ်း သတ်ခဲ့ရာ ၁၂.၄၅ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ အောက်နန်းချောင်းကျေးရွာရှိ အလျား ၆၀ အနံ ၁၅ ပေ  အမြင့် ၁၈ ပေရှိ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်၏ ဝါးထရံတွင် ကပ်၍သွယ်တန်းထားသော နှစ်ပင်လိမ် လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွါးကာ ၎င်းနေအိမ်၏မြောက်ဘက်ရှိ ဓနိမိုး၊ ထရံကာ ၊ ပျဉ်ခင်းနေအိမ်လေးလုံးကိုပါ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွါးခဲ့ပြီး စုစုပေါင်းနေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့်  မီးစတင်လောင်ကျွမ်းသည့် အိမ်ရှင်အား အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ခရိုင်ပြန်/ဆက်