ဒေါပုံ ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အသက် (၁၈)နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စု လူဦးရေစာရင်းတို့ကို အခမဲ့ ဝန်ဆောင် ပေးခြင်းကို ရပ်ကွက်များအတွင်းရှိ ပြည်သူများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ပြည်သူများကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးရာတွင် မြို့နယ် ဒု လ.ဝ.ကမှူး ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၄၅)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း (၁၅)ဦး တို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနရုံးမှ သိရှိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၁၄) ရပ်ကွက်တွင် ၂၀၂၁ ခုနှစ် မေလ (၃) ရက်နေ့မှစ၍ ၂၀၂၁ ခုနှစ် ယနေ့အထိ နေ့စဉ်ရပ်ကွက်များအတွင်း ကွင်းဆင်း ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့အထိ (၁၈)လကြာ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)