မတ္တရာမြို့နယ်၌ အသက်၂နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးနေ

မတ္တရာ   ဇန်နဝါရီ    ၁၃

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင်  ကျန်းမာရေး ဝန်ထမ်းများမှ အသက်၂ နှစ်နှင့်အောက် ကလေးငယ်မျာအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ဇန်နဝါရီလ ၄ ရက်နေ့မှစတင်၍ အပတ်စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် မွေးစမှ အသက်၂နှစ်အထိ ကလေးငယ် များအား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ ဝက်သက် ဂျိုက်သိုးရောဂါကာကွယ်ဆေး (၉)မျိုးနှင့် ပိုလီယိုအကြော သေရောဂါကာကွယ် ဆေးများကိုလည်း ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေး နေ့များတွင် နံနက် ၉နာရီမှ နေ့ ၁၂နာရီအတွင်း ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယနေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကလေးငယ်( ၉၄၆ )ဦးရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)