တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

တောင်ဥက္ကလာပ ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုဦးရေစာရင်းများကို ယမန်နေ့နံနက် (၉)နာရီအချိန်ကစတင်၍ အမှတ် (၁၀) ရပ်ကွက်မြို့နယ် စည်ပင်သာယာ ရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဦးနှင့် ဝန်ထမ်းများ က ပန်းခင်းစီမံချက်အရ အမှတ်(၁၀)ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရုံးသို့သွားရောက်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြုလုပ်ပေးခြင်း ဖြစ်ကာ မြို့နယ် ဦးစီးအရာရှိက ပန်းခင်းစီမံချက်ဆောင်ရွက်သည့် ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ ပျောက်ဆုံး/ ပျက်စီးမှုမရှိစေရေး၊ စနစ်တကျကိုင်တွယ် အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး၍ အိမ်ထောင်စုလူဦးရေစာရင်း (၂၀) စုနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြား (၃၅) ခု ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများ အရောက်ကွင်းဆင်း၍  မေလ ၃ ရက်နေ့မှ စတင်ကာ ဆောင်ရွက် ပေးလျက်ရှိရာ မိမိတို့မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိ ဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)