ကျောက်ပန်းတောင်းမြို့နယ် ပြန်/ဆက်ဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း ဟောပြောပွဲပြုလုပ်

ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း ဟောပြောပွဲ ကို၊ ဇန်နဝါရီ(၁၃)ရက်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က လွတ်လပ်ရေးရရှိရန်အတွက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံခေါင်းဆောင်များ၏ ကျိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် တစ်နိုင်ငံလုံး ပြည်နယ်/ပြည်မ မကျန် တစ်ပြိုင်နက်တည်း လွတ်လပ်ရေးအရယူနိုင်စေရန်အတွက် ပြည်နယ်များရှိ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရပုံများကို ရှင်းလင်းဟောပြောပြီး၊ အဆိုပါ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံ၍ လွတ်လပ်ရေးအတွက် နောက်ဆုံးသဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ကို၊ သမိုင်း ဝင်နေ့အဖြစ် သတ်မှတ်၍ နောင်လာနောက်သားများ အမြဲတစေ သတိတရ ရှိနေစေရန်အတွက် ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ပြန်/ဆက်ရုံး ပြည်သူ့စာကြည့်တိုက်သို့ အမြဲလာရောက် စာပေဖတ်ရှုလေ့ ရှိသည့် ကလေးငယ်များတက်ရောက်ခဲ့ကြပြီး၊ ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိက ကလေးငယ်များအား မုန့်ပဲသွားရည်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)