မိုင်းဖြတ်၌ စာဖတ်စွမ်းရည်မြှင့်တင်ရေး ကလေးပုံပြင်ပြောလေ့ကျင့်ပေး

မိုင်းဖြတ် ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူကလေးများအား စာဖတ်စွမ်းရည်မြှင့်တင်ရေး၊ ကလေးပုံပြင်ပြော လေ့ကျင့်ပေးခြင်းကို ယမန်နေ့ ညနေ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ကလေးပုံပြင်ပြော လေ့ကျင့်ပေးရခြင်း ရည်ရွယ်ချက်၊ စာဖတ် ခြင်း၏ အကျိုးကျေးဇူးများနှင့် နာခံတတ်ခြင်းမှ စည်းလုံးညီညွတ်၍ အောင်မြင်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း အားပေးမှာကြားပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ခမ်းမှ ဦးဆောင်၍ တိုင်းဆာ(ခ) မိုင်းသာ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုသည့် သူငယ်ချင်းကောင်း ဟူသည့် ပုံပြင်ကို ဖတ်ပြ၍ ရှင်းလင်းပြောပြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများမှ ရေးသားပြုစုသည့် ပုံပြင်များထဲက မိမိတို့ကြိုက်နှစ်သက်ရာ ပုံပြင်ကို တစ်ဦးချင်း ဖတ်ရှုပြီး မိမိတို့ နာလည်သလို ပြန်လည် ရှင်းပြခဲ့ကြသည်။

ထိုသို့  ပုံပြောလေ့ကျင့်မှု ပြုလုပ်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ချစ်ခင်ရင်းနှီးမှု ပို၍ရရှိပြီး သွက်လက်ထက်မြတ်မှု ရှိလာစေရန်၊ စာဖတ်ခြင်းအလေ့အကျင့် ကောင်းရရှိပြီး စာဖတ်နှုန်း တိုးတက် လာစေရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို သိရှိနားလည်စေရန်၊ စာပေအသိမှ လိမ္မာယဉ်ကျေး၍ နာခံ ကြိုးစားတတ်သည့် သားသမီးကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရ သည်။

မြို့နယ် (ပြန်/ဆက်)