ရေး ဇန်နဝါရီ ၁၃ ရက်
မွန်ပြည်နယ် ရေးမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးဆိုင်ရာ ဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီက အဆိုပါသင်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကိုကိုဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကိုကိုဦးက ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ ကာကွယ်တတ်ကြစေရန်နှင့် လူကုန်းကူးခံရမှု အကြောင်းများ ဗဟုသုတရစေရန်ရည်ရွယ်၍ အခုလိုဟောပြောပွဲများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ဆက်လက်၍ လူကုန်တားအထူးရဲတပ်ဖွဲ့ ရဲအုပ်အောင်ကျော်ထူးက လူကုန်ကူးခံရမှုဖြစ်စဉ်များအကြောင်း၊ လူကုန်ကူးခံရမှုနည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန်များ အကြောင်းနှင့် လူကုန်းကူးမှုဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအကြောင်းဟောပြောပြီးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မြစန္ဒာညိုက အမျိုးသမီးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအကြောင်းနှင့် အမျိုးသမီကျန်းမာရေးမှူး ဒေါ်အေးအေးမွန်က အမျိုးသမီးများ သိသင့်သိထိုက်သည့် ကျန်းမာရေးဗဟုသုတများအကြောင်းများကို ဟောပြောခဲ့ ကြသည်။
ထို့နောက် လူကုန်တားအထူးရဲတပ်ဖွဲ့ ရဲအုပ်အောင်ကျော်ထူးက တက်ရောက်လာကြသည့် သင်တန်းသူများအား လူကုန်ကူးမှူလက်ကမ်းစာစောင်များနှင့် ပြည်ပနိုင်ငံများသို့သွားရောက် အလုပ်လုပ်ကိုင်ကြမည့်သူများ သိရှိထားသင့်သည့် လုပ်ဆောင်ရမည့် နည်းလမ်းအဆင့်ဆင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်