ပင်းတယ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ပင်းတယမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အကောင်အထည်ဖော် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက ပင်းတယမြို့နယ်၊ ပွေးလှအခြေခံပညာ အထက်တန်းကျောင်းနှင့် ပင်ပျော်ကျေးရွာအုပ်စုသို့ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ချိုနှင့် တာဝန်ရှိဝန်ထမ်းများ ကပွေးလှမြို့၊ အခြေခံ ပညာ အထက်တန်းကျောင်းရှိ အသက် (၁၆ )နှစ်ပြည့်ပြီးသူ ကျောင်းသား/ ကျောင်းသူ ဦးရေ (၃၀ )နှင့် ပင်ပျော်ကျေးရွာအုပ်စုရှိ အသက်(၁၆) နှစ်ပြည့်ပြီးသူ (၁၀)ဦး၊ အသက် (၁၈) နှစ် ပြည့်ပြီးသည့် ဒေသခံပြည်သူ (၁၄၁)ဦး၊ စုစုပေါင်း (၁၈၁)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားသစ်များ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်နေမှုအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များအား အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များ ကိုဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို အလှည့်ကျ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ဦးစီးမှူး ဦးခင်မောင်ချိုထံမှ သိရှိ ရသည်။
ပင်းတယ(ဒေသပြန်/ဆက်)