လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် (၈၅.၂၉) ရာခိုင်နှုန်းထိုးနှံပေးပြီးဖြစ်

လယ်ဝေး    ဇန်နဝါရီ   ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျှက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒုတိယ အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယနေ့ နံနက်(၉)နာရီက လယ်ဝေးမြို့ သီရိရတနာခန်းမတွင် ဆက်လက်ထိုးနှံပေးလျှက်ရှိရာ ကျောင်းသား၊ကျောင်းသူ (၈၅.၂၉) ရာ ခိုင်နှုန်း ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာပေးခြင်းများ ပြုလုပ်ပြီး အလှည့်ကျ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အနားယူစေပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစင်တာ၊ တိုက်နယ်ဆေးရုံများ၊ ကျေးရွာကျန်းမာရေးဌာနခွဲများတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူ များအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinovac)ကို ဆက်လက်ထိုးနှံ ပေးလျှက်ရှိရာ ကျောင်းသား၊ကျောင်းသူ(၁၈၃၃၅)ဦး ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများ ကိုလည်း သက်ဆိုင်ရာဆေးထိုးစုရပ်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရ သည်။

နေဇော်ချစ်(ပြန်/ဆက်)