ဒလမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်း ပြုလုပ်ပေး

ဒလ ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ရရှိစေ‌ရေးအတွက် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ယနေ့နံနက် ၁၁ နာရီက ဆာပါချောင်ကျောင်းစုရပ်ကွက်ရှိ ပုညသာရဓမ္မာရုံ၌ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်သင်းကျော် က နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သော စီမံချက်များ အကြောင်းကို ဒေသခံပြည်သူများအား အသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း မရှိသော မိသားစုများအား အိမ်ထောင်စုလူဦးရေစာရင်းများ ကိုင်ဆောင်ရရှိစေရေးအတွက် ရပ်ကွက်နေ ပြည်သူ ၁၃၀ ဦးတို့အား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းရှိ  အသက် ၁၀ နှစ် အထက်ရှိသူများနှင့် ၁၈ နှစ်ပြည့်မီ ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းထဲသို့ မွေးတိုးစာရင်းသွင်းပေးခြင်း၊  အိမ်ထောင်စုစာရင်းမရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းတို့ကို (၃.၅.၂၀၂၁) ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပြီးသူ ကျား ၂၆၅၅ ဦး၊ မ ၂၇၉၃ ဦး၊ စုစုပေါင်း ၅၄၄၈ ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း စုစုပေါင်း ၃၃၆ ခု တို့အား ဆောင်ရွက်ပြီးစီးကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

နိုင်လင်းကျော်