ပုံပါကျင် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေနှင့် ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အမှား၊အမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ယနေ့နံနက် ၁၀ နာရီခွဲက နယ်လှည့် စာကြည့်တိုက်လုပ်ငန်းနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက သုတ/ရသ စာအုပ်များကို ယူဆောင်၍ ပုံပါကျင်မြို့ အမှတ်(၁၀၀၇) နယ်ခြားစောင့်တပ် အခြေခံပညာ မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ပြီး ကိုဗစ်-၁၉ အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံပါကျင်မြို့ရုံးအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များ အတွက် Online မှတစ်ဆင့် ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူး တင်ဆက်ပေးခြင်းတို့အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)