သုံးခွမြို့နယ်၌ အသက်(၁၈)နှစ်အထက် ကာကွယ်‌ဆေးတစ်ကြိမ်မှ မထိုးနှံရ‌သေးသူ ပြည်သူများအား (Covid shield) ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

သုံးခွ ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက် ၁၈နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူများအား အိန္ဒိယနိုင်ငံထုတ် (Covid shield) ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် (ဒုတိယအကြိမ်) ကာကွယ်‌ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံထုတ် (Covid shield) ကာကွယ်ဆေး ထိုးနှံခြင်းကို ၈-၁-၂၀၂၂ ရက်‌နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ယ‌နေ့အထိ ဆက်လက် ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၁၈နှစ်ပြည့်ပြီးသူများ၊ အသက်(၄၅)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများ၊ အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတ ဝန်ထမ်းများ၊  သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ယာဉ်မောင်းဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကားဆရာများ၊ (ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှ ဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော  လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ၊ စားသောက်ဆိုင် လက်ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ဈေးသည်များနှင့် မသန်စွမ်းများအား ထိုးနှံပေးကြောင်း သိရသည်။ 

သုံးခွမြို့နယ်တွင် ကိုဗစ်-၁‌၉ရောဂါ ကာကွယ်ဆေး first Dose ထိုးနှံပြီးသူ (၉၃၂၄၃)ဦး၊ second Dose ထိုးနှံပြီးသူ (၈၅၆၃၈)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၈၀.၇၅% ရှိကြောင်း သိရသည်။

စည်သူလင်း