ကျိုက်မရောမြို့နယ်တွင်ဆောင်းသီးနှံပဲတီစိမ်းစိုက်ပျိုးသည့်တောင်သူများစျေးကောင်းရရှိ၍အဆင်ပြေလျက်ရှိ

ကျိုက်မရော   ဇန်နဝါရီ   ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဆောင်းသီးနှံပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းလည်းရသဖြင့် စိုက်ပျိုးသူတောင်သူများ အဆင်ပြေလျက် ရှိကြောင်းသိရသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ လက်ပံကျေးရွာ၊ ကျုံစိန်ကျေးရွာနှင့် ခရုံကျေးရွာများသည် စိုက်ပျိုးရေးဖြင့် အဓိကစီးပွားရေးလုပ်ကိုင်ကြပြီး ဆောင်းသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများကို နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ ကြဲပက်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီးတစ်လခန့်အကြာတွင် အဖူး၊အပွင့်လေးများစတင်ပွင့်ကာ အပွင့်ပွင့်ပြီး အသီးသီး ၍ ဆယ့်ငါးရက်အကြာတွင် အသီးများဖြိုင်ဖြိုင်သီးလာကာ ရင့်မှည့်ချိန်ဖေဖော်ဝါရီကုန်တွင် ခူးဆွတ်အစေ့ထုတ်ကာ ရောင်းချနိုင်ပြီးဖြစ်ကြောင်း လက်ပန်ကျေးရွာမှ ပဲတီစိမ်းစီးပွားဖြစ် စိုက်ပျိုးသူ တောင်သူဦးအောင်ကိုမင်းထံမှ သိရသည်။

ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး မိုးရွာသွန်းမှုကောင်းမွန်ခြင်းကြောင့် ပဲတီစိမ်းစိုက်ခင်း များရှိ အပင်များသန်မာထွားကျိုင်းပြီး အသီးသီးနှုန်းလည်း အထူးကောင်းမွန်ကာ ပဲတီစိမ်း စေ့များ အောင်မြင်ကြောင်း၊ ပဲတီစိမ်းတစ်တင်းလျင် ၄၀၀၀၀ ကျပ်ထိ ရောင်းချရကြောင်း ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ယခုထက်ကောင်းသော စျေးနှုန်းရရှိရန် မျှော်လင့်နေကြကြောင်း၊ ပဲတီစိမ်းဆွတ်ခူးရာတွင် အလုပ်သမားတစ်ဦးအတွက် တစ်ရက် လျင် ၄၀၀၀ ကျပ် ပေးရပြီး တစ်ဧကစိုက်ခင်းတစ်ခင်းတွင် အလုပ်သမား ၁၀ ဦး မှ ၁၂ ဦးထိ ငှား၍ဆွတ်ခူးရကြောင်း၊ ယခုနှစ်တွင်ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ ထုတ်ချေးပေးထားသဖြင့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများဖြင့် အဆင်ပြေစွာစိုက်ပျိုးနိုင်ကြကြောင်းကိုလည်း ခရုံ ကျေးရွာမှတောင်သူဦးပါရေးထံမှသိရကာ ယခုနှစ်ပဲတီစိမ်းများ အထွက်နှုန်း ကောင်းမွန်ခြင်း ကြောင့် စိုက်ပျိုးသူများ အဆင်ပြေကြကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)