ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၂၀၀၀)ဧက အကျိုးပြုနေသည့် မြောင်းဦးကျေးရွာအနီးရှိ တမုတ်ရေမြောင်းရေကျအဆောက်အအုံအား ပြန်လည်ပြုပြင်

ကျောက်ဆည်၊ ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ (၂၀၀၀)ဧက အကျိုးပြုနေသည့် မြောင်းဦးကျေးရွာအနီးရှိ တမုတ်ရေမြောင်း ရေကျအဆောက်အအုံ၏ ပျက်စီးနေသည့် အဝင်/အထွက် ကျောက်ဆလံများနှင့် ကြမ်းခင်း များအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရှိရသည်။

တမုတ်ရေမြောင်း ရေကျအဆောက်အအုံအား ငွေကျပ်(၂၅)သန်း အကုန်အကျခံကာ အလျား(၃၂)ပေ၊ အနံ(၂၅)ပေ၊ ထု(၁.၄)ပေ ရေကျအဆောက်အအုံ အဝင်ကြမ်းခင်းနှင့် အလျား(၃၀)ပေ၊ အနံ(၃၆.၅)ပေ၊ ထု(၁.၄)ပေ၊ ရေကျအဆောက်အအုံအထွက်ကြမ်းခင်း၊ အလျားပေ(၂၀)ပေ၊အနံ(၂၀)ပေရှိ ရေကျအဆောက် အအုံ၏ နံရံနှင့် အလျား(၁၆၉)ပေ၊ အမြင့်(၅)ပေရှိ မြောင်းနံရံ ကျောက်ဆလံစီခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများပြီးစီးပါက တမုတ်ရေမြောင်းရေကျအဆောက်အအုံမှ စိုက်ပျိုးရေး ပေးဝေနေသည့် သီးနှံမျိုးစုံ (၂၀၀၀)ဧကစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေများ ပေးဝေရာတွင် ရေအလေအလွင့်မရှိဘဲ အပြည့်အဝ ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိ ရသည်။

သက်မောင်(ကျောက်ဆည်)