ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၁၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် ပရဟိတအဖွဲ့များအား ပရဟိတလုပ်ငန်း စိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ကျက်သရေဆောင် တဝရွှေဂူ ကြီးဘုရား အာရုဏ်ခံတန်ဆောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကတ်ပြားပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေက ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှု အခြေအနေများအား တက်ရောက်လာကြသည့် ကျေးရွာ နေပြည်သူများနှင့် ပရဟိတအဖွဲ့ဝင်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၁၇) ကတ်နှင့် ပရဟိတလုပ်ငန်း စိစစ်ရေးကတ်ပြား (၂၆)ကတ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးဝေစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု(၁၃)အုပ်စုတို့ရှိ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာနေ ပြည်သူများနှင့် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့ (၉)ဖွဲ့ တို့မှ ပရဟိတအဖွဲ့ဝင်(၂၆)ဦးတို့အား ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)