ခရမ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVIDSHIELD) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ခရမ်း   ဇန်နဝါရီ  ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်၄၀ နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၁၈ နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရမ်းမြို့ အမှတ်( ၂ ) ရပ်ကွက်ရှိ သကျ မာရိဇိန်ကြေးသွန်းဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန် ဓမ္မာရုံကြီးတွင် နေ့စဉ်နံနက် ၉ နာရီမှညနေ ၃ နာရီအထိ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများကို ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်ဆီဂျင် လည်ပတ်မှုနှုန်းတိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။

ခရမ်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၁၃)ရပ်ကွက်နှင့်‌ ကျေးရွာစုစုပေါင်း ၁၅၃ ရွာရှိရာ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီ ခရမ်းမြို့အတွင်း စုစုပေါင်းဆေးထိုးနှံရမည့် အကျုံးဝင်ဦးရေမှာ   ၁၂၈၁၇၂  ရှိပြီးFirst Doseထိုးနှံပြီးသူ ၇၀၈၅၈ ရှိပြီး Second Dose  ၆၃၀၄၂ ဦးရှိပြီး ရာခိုင်နှုန်း  ၅၅  ရာခိုင်နှုန်းအထိ ထိုးနှံပြီးခဲ့ကြောင်းနှင့် ယခုအခါ ကျေးရွာအလိုက် လှည့်လယ်၍ ကျန်ရှိသူများအား ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ်ကြီးကြပ်ရေးကော်မတီမှ သိရှိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံမှုကိုမြို့ နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက် ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း