စဉ့်ကိုင် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ယမန်နေ့ နံနက်(၁၀)နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ(Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအနေဖြင့် ပြည်သူ များ၊ လူငယ်လူရွယ်များ သိရှိလိုက်နာစေရန် အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်များ၊ နံရံကပ်စာစောင် ဓာတ်ပုံများဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး စာရေးဆရာ ဦးအေးကို(ဝင်းမောင်မောင် ပန်းလောင်လွင်ပြင်) က အပြင်းစားနှင့် အပျော့စားဟူ၍ နှစ်မျိုးခွဲခြား နိုင်ပြီး အပျော့စားမူးယစ်ဆေးမှာ ဆေးခြောက်ဖြစ်ပြီး၊ အပြင်းစားမူးယစ်ဆေးများမှာ ဘိန်း၊ မှော်ဖင်း၊ ဘိန်းဖြူ စသည်တို့ဖြစ်ကြောင်း မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ စိတ်ကျရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ပြင်းထန်စွာ စိုးရိမ်ကြောင့်ကြမှု ဖြစ်ခြင်းစသည့် ရောဂါလက္ခဏာများဖြစ်နိုင်ကြောင်း၊ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ညိုညိုဝင်း