ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်လှစ်ပို့ချ

တောင်ကြီး ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်တွင် နိုင်ငံတော်၏ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုစေရန်နှင့် နိုင်ငံတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ကျောင်းပြင်ပရောက်ရှိနေသော ၁၆ နှစ် နှင့် ၁၈ နှစ်ကြား ကလေးများ၊ လူငယ်များအား ရှမ်းပြည်နယ် ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း (၁) လ သင်တန်းကို တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပုံဆွေပင်ကျေးရွာ၊ ပုံဆွေပင်ဘုန်းတော်ကြီးကျောင်း၌ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျှက် ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ပထမ ငါးနှစ် စီမံချက် (၂၀၁၉ ခုနှစ် မှ ၂၀၂၃ ခုနှစ်)တွင် လူငယ်များ အလုပ်အကိုင်ရရှိရေး အလေးထား ဆောင်ရွက်ပေးခြင်း၊ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် သက်မွေးသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး သင်တန်းသို့ သင်တန်းသား(၂၀)ဦးနှင့် လေ့လာသူ(၅)ဦး၊ စုစုပေါင်း(၂၅)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၊ ရန်ကုန်မြို့မှ သင်တန်း နည်းပြ (၃) ဦးက ဇန်နဝါရီလ ၁ ရက်နေ့မှ   ဇန်နဝါရီလ ၃၀ ရက်နေ့အထိ စာတွေ့ / လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး လျှပ်စစ်သွယ်တန်းတပ်ဆင်မှုဆိုင်ရာ အတတ်ပညာရပ်အား စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လူငယ် လူရွယ်များအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမှာဖြစ်ကြောင်း သိရှိရပါသည်။

ခရိုင် (ပြန်/ဆက်)