မိတ္ထီလာ ဇန်နဝါရီလ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆင်စလွယ်-ဥယျဉ် ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ရတနာမဉ္ဇူတံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် မွေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် အသုံးပြုလျက်ရှိသော ဆင်စလွယ်-ဥယျဉ်ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ရတနာမဉ္ဇူတံတားမှာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ညတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ရတနာမဉ္ဇူတံတား ကျိုးကျပျက်စီးခဲ့သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် အရှည် ပေ ၁၄၀၊ အကျယ် ၁၈ ပေရှိ သံကူကွန်ကရစ်၊ သံဘောင်တံတား အမျိုးအစားကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန (တံတားတည်ဆောက်ရေးအဖွဲ့) နေပြည်တော်မှ တာဝန်ယူ၍ တည်ဆောက်လျက်ရှိရာ ၎င်းရတနာမဉ္ဇူတံတား တည်ဆောက်ခြင်းလုပ်ငန်းမှာ ယခုဆိုလျှင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေး တာဝန်ခံ ထံမှ သိရသည်။
အဆိုပါ မွေးကျေးရွာအုပ်စု ဥယျဉ်ကျေးရွာအနီး ဆင်စလွယ်-ဥယျဉ် ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ရတနာ မဉ္ဇူတံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ ၎င်းတံတားကို ဖြတ်သန်း သွားလာကြ သည့် မွေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် အခြားကျေးရွာအုပ်စုများရှိ ကျေးရွာ(၂၂)ရွာ တို့မှ ဒေသခံပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေတော့မည် ဖြစ်ကြောင်း မွေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဇောထံမှ သိရသည်။
သိန်းမြင့်ကျော် (မိတ္ထီလာ)