မိတ္ထီလာမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ   ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က  ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်စောမြင့်ထူးနှင့် ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းတို့က အဖွင့်အမှာစကားပြောကြားပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ် ဆရာကြီး ဦးသာဝက ကျေးလက်ဒေသရှိ အမျိုးသမီးငယ်လေးများ စက်ချုပ်နည်းပညာရပ်ကို တက်ကျွမ်းပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ထူထောင်၍ မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ ၂၀၂၂ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတို့ ပူးပေါင်းပြီး အခြေခံစက်ချုပ်သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းအခြေခံစက်ချုပ်သင်တန်းကို ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မိတ္ထီ လာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ သင်တန်းသူ (၂၅)ဦးဖြင့်  ဇန်နဝါရီလ ၁၂ ရက်နေ့မှ  ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ   စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်း လေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများ ချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီးဝတ် ရင်ဖုံးအင်္ကျီ၊ စကဒ်ချုပ်နည်း အမျိုးမျိုး၊ တစ်နှစ်အရွယ် သုံးဖြက်ဆက် အတွန့်ပါ ဂါဝန်၊ ကလေးဝတ် ဘောင်းဘိရှည် စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာခရိုင် အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်စောမြင့်ထူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်၊ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်း ကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ် ဆရာကြီး ဦးသာဝနှင့် သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

 သိန်းမြင့်ကျော်(မိတ္ထီလာ)