မိုင်းခုတ် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုနှင့် သက်ငယ်မုဒိန်း ဆိုင်ရာအသိပညာပေး ဓာတ်ပုံနှင့်နံရံကပ်စာစောင်ကို ယနေ့ နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံး၌ ပြသခဲ့ကြောင်းသိရသည်။
အဆိုပါ လူကုန်ကူးမှုနှင့် သက်ငယ်မုဒိမ်းဆိုင်ရာ အသိပညာပေးဓာတ်ပုံနှင့် နံရံကပ်စာစောင်တွင် လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဉီးသည် အခြားလူတစ်ဉီးကို ပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာ ကိစ္စတစ်မျိုးမျိုးပြုလုပ်ခိုင်းခြင်း၊ အဓမ္မ အလုပ်ခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ထိမ်းမြားခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်းစသည့် အချက်(၁၂)ချက်၊ လူကုန်ကူးခြင်း ခံရပါက ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပတ်များ၊ အသိပညာပေးဆိုင်ရာ ဓာတ်ပုံများနှင့် အခြာလူကုန်ကူးခြင်းခံရမှုဆိုင်ရာ အသိပညာပေးစာစောင်များ၊ သက်ငယ်မုဒိမ်းပြုကျင့်နိုင်သည့် သတိပြုရန် အချက်(၈)ချက်၊ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရန် အချက်(၅)ချက်၊ သက်ငယ်မုဒိမ်းဖြစ်ပွားသည်ကို သံသယရှိ/သိရှိပါက/လက်ခံရရှိပါက/ မျက်မြင်တွေ့ရှိပါက အမြန်ဆုံး တိုင်ကြားနိုင်သည့် အဖွဲ့အစည်းများနှင့် သက်ငယ်မုဒိမ်းပြုကျင့်ပါက ချမှတ်နိုင်သည့် ပြစ်မှုများစသည့်အချက်များကို အများပြည်သူများ အသိပညာဗဟုသုတရဖွယ် ပြည့်စုံစွာထည့်သွင်း ပြသထားကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် အများပြည်သူများ အသိပညာ ဗဟုသုတတိုးပွား ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဓာတ်ပုံနှင့်နံရံကပ်စာစောင်များ ပြသခြင်းကို လစဉ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း