မိုင်းယု ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာ၊ရှမ်း နှစ်ဘာသာဖြင့်အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်/ရပ်ကွက်သို့ Hand Speaker ဖြင့်လှည့်လည် နှိုးဆော်ခဲ့သည်။
လက်တလော အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်း တို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင် ထွက်ပါက ပါးစပ် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် ၊နှာခေါင်းစည်း (Mask) မတပ်ဆင် ထားသောသူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်စသည့် ကျန်းမာရေးအသိပညာပေး လုပ်ငန်း များကို လှည့်လည် အသိပေး နှိုးဆော်ခဲ့သည်။
မိုင်းယုမြို့ရှိ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့မှ နံနက်ပိုင်းတွင် (Mask)တပ်ဆင်ရေး ဆော်ဩပညာပေးစစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့၊ နေ့လည်ပိုင်းတွင် ဈေးဆိုင်များ စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့နှင့် ညပိုင်းတွင် စားသောက်ဆိုင်များ စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့ဟူ၍ အဖွဲ့သုံးဖွဲ့ခွဲကာ တစ်ပတ်လျှင် နှစ်ကြိမ်ရှောင်တခင် စစ်ဆေးနေလျက် ရှိကြောင်းနှင့် အလားတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း အသိပညာပေးနှိုးဆော်ခြင်းကိုလည်း တစ်ပတ်လျှင် တစ်ကြိမ် ကွင်းဆင်းနှိုးဆော်ပေးနေလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်