ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်

ဆိပ်ကြီးခနောင်တို  ဇန်နဝါရီ  ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ပညာသင်ယူလျက်ရှိသည့် မူလတန်း ကျောင်းသား၊ ကျောင်းသူကလေး ငယ်များအား ငယ်စဉ်ကတည်းမှစ၍ ကျောင်းစာအပြင်အခြားဗဟု သုတစာပေများ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်‌နေ့ နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ခနောင်တိုအရှေ့ ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက ကျောင်းသား ကျောင်းသူကလေးငယ်များအား စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စာပေဖတ်ရှု မှတ်သားမှု နည်းစနစ်များကို ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စား နားလည်လွယ်အောင် ဇာတ်လမ်းပုံပြင်များဖြင့် ရှင်းလင်းပြောကြားပြီး၊ စာကြည့်တိုက် လက်ထောက်(၃) ဒေါ်မိုးမိုးဦးက ပြည်သူ့စာကြည့်တိုက်ရှိ ကလေးကြိုက်စာအုပ်များထဲမှ ပညာပေးရုပ်ပြ ဇာတ်လမ်းစာအုပ်အား ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ဖတ်ပြ၍ စာအုပ်ပါ အကြောင်းအရာအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကလေးများပျော်ရွှင်စေရန်အတွက် ကဗျာရွတ်ပြိုင်ပွဲ ပြုလုပ်ပေးကာ အကောင်းဆုံး ရွတ်ဆိုနိုင်သူများကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးက အမှတ်တရဆု လက်ဆောင်များ ချီးမြှင့်ပေးခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူ များအား ပညာပေးရုပ်ပြစာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ဝေယံ