တာမွေမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လက်တွေ့မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များအား လေ့ကျင့် သင်ကြားပေးလျက်ရှိ

ရန်ကုန်    ဇန်နဝါရီ    ၁၃

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယခင်က ထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းတွင် လက်တွေ့မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လက်တွေ့မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး ပညာရပ်များအပြင် စစ်ရေးပြဘာသာရပ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစားအမျိုးမျိုး၊ မီးစတင် လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူး အမျိုးမျိုး၊ မီးသတ်ဆေးဘူး လက်တွေ့ အသုံးပြုနည်း၊ မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုး၊ မီးခိုးများအကြား လှုပ်ရှားသွားလာခြင်း၊ အသက်ကယ် ကြိုးချည်နည်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ၊ အရန်မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းတာဝန် များနှင့် မီးငြှိမ်းသတ်ရေး နည်းစနစ်များကို ၂၀၂၂−ခုနှစ် ဇန်နဝါရီလ( ၃ ) ရက်နေ့မှ ဇန်နဝါရီလ( ၂၈ ) ရက်နေ့အထိ တစ်ပတ်လျှင် ငါးရက်ဖြင့် နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ သင်တန်းသား (၅၀)ဦးတို့အား သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ယခုအခါ အထပ်မြင့်တိုက်တာ အဆောက်အဦများ၊  သိုလှောင်ရုံများ၊ အီလက်ထရောနစ်နှင့်ဆိုင်သော အရောင်းပြခန်းများမှာ ခေတ်စနစ်နှင့်အညီ ခေတ်မီတိုးတက် များပြား လာသည်နှင့်အမျှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ယခင်ကလို သမားရိုးကျ ဆောင်ရွက်လို့မရတော့သည့် အတွက် ယခုလို ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး ပညာရပ်များကို စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိပြီး မြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့်လည်း မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်တဲ့  မီးဘေးလုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစတဲ့ ရည်မှန်းချက် တာဝန်များကို နိုင်ငံတော်နှင့် ပြည်သူများအတွက် အားကြိုးမာန်တက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်