မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်မြတ်ကြီး စကျင်ကျောက်ပြားခင်းကျင်းနိုင်ရေး လုပ်အားဒါနကုသိုလ်ယူ

မော်လမြိုင် ဇန်နဝါရီ ၁၃

မော်လမြိုင်မြို့၊  ကျက်သရေဆောင် သမိုင်းဝင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် ရပ်နီး၊ ရပ်ဝေးဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ကုသိုလ်ယူ တရားဘာဝနာပွားများနိုင်ကြစေရန်ရည်ရွယ်ကာ နေပူခံစကျင်ကျောက်ပြားများ ရင်ပြင်တော်အပြည့် ခင်းကျင်းနိုင်ရေး အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများစုပေါင်း၍ တစ်ပေပတ်လည်  စကျင်ကျောက်ပြားများ ဘုရားရင်ပြင်တော်ပေါ်သို့ လုပ်အားဒါနဖြင့်တင်ဆောင် ကုသိုလ်ယူလုပ်အားပေးကြကြောင်း သိရသည်။ ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေး၊ ရေနုတ်မြောင်များထားရှိရေး၊ ရင်ပြင်တော်ပေါ်တွင် ရေတင်ကျန်မှုမရှိစေရေးတို့ကို ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ်တွင် ထင်ရှားကျော်ကြားသည့် ဖူးမြှော်ကြည်ညိုဖွယ်ရာ သမိုင်းဝင်တန်ခိုးကြီးဘုရား များစွာရှိသည့်အတွက် ကိုဗစ်-၁၉ရောဂါအလွန်ကာလများတွင် ဘုရားဖူးရဟန်းရှင်လူ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာ ကုသိုလ်ယူနိုင်ကြရေး ဆရာတော်ကြီးများ ဦးဆောင်ကာ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောက်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)