နမ့်ဆန် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်−၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်း ကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုမှာ ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြား လာပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကို ပြည်သူများအနေဖြင့် ဆက်လက်ကာကွယ်တားဆီးနိုင်ရေးအတွက် အထူးသတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာ မဟုတ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေးရှောင်ရှားကာ တတ်နိုင်သမျှမိမိတို့၏ နေအိမ်၌သာ နေထိုင် ခြင်း၊ သံသယလက္ခဏာများ ခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ လိုက်နာနေထိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် ပျက်မကွက်ထိုးနှံကြကာ အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများကူးစက်မှု ရပ်တန့်စေရေး ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူများအားလုံး ဆက်လက်လိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)