မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ကာကွယ်ရန် အသိပညာပေး လှည့်လည်နှိုးဆော်

မိုင်းဆတ် ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၇ နာရီက မြို့ပေါ် ရပ်ကွက်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံရန်နှင့် အခြားသူများ အိမ်သို့ သွားရောက်လည်ပတ်ခြင်းမပြုရန်၊  မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ “ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း ၊ အိုမီခရွန် မျိုးကွဲသစ် သည် မူလကိုဗစ်-၁၉နှင့် မတူခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးသူများ ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့်  ပြည်သူလူထုအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသော ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အလေးထား လိုက်နာပြီး ကာကွယ်ကြရန်” Hand Speaker အသုံးပြု၍  ဟိုနားကျေးရွာနှင့် ကျဒယ်ရပ်ကွက်လမ်းဆုံ တို့တွင် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။     

မြင့်မောင်