လှိုင်မြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

လှိုင် ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉း၀၀) နာရီအချိန်ကအမှတ်၁၂ ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံ၀န်း လှိုင်ကုသရေးစင်တာ၌ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Covishield)အမျိုးအစားကိုပထမအကြိမ်ထိုးနှံပေးပြီး (Sinopharm)အမျိုးအစားကိုဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်က အနီးကပ်ကြီးကြပ်လျက် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန် လာရောက်သည့် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်း ကူညီ ဆောင်ရွက်ပေးခဲ့သည်။

လှိုင်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက်(၁၈)နှစ် အထက် ပြည်သူများ ပထမအကြိမ် စုစုပေါင်း(၃၁၉) ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၃၅၁)ဦးရှိကြောင်း သတင်းရရှိသည်။

သီတာ