ရန်ကုန် ဇန်ဝါရီ ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၄၀) နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၁၆)ရပ်ကွက်မြို့ဦးစေတီ၊ (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေး ကျောင်းတိုက်၊ (၄၇) ရပ်ကွက်ဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေး အလိုက်ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက် ရှိရာ ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အသင်းများပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန်ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ဒုတိယအကြိမ် လာရောက်ထိုးနှံသူ (၄၁၈) ဦးအား Sinovac ဆေးနှင့် ပထမအကြိမ် လာရောက် ထိုးနှံသူ (၁၅) ဦးတို့အား Sinopharm ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)