ဗဟန်းမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိ

ရန်ကုန် ဇန်နဝါရီ ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ဆက်လက်ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက်၊ ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ၊ ကာကွယ်ဆေး ထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိမဂ်လာစျေး ဓမ္မာရုံနှင့် သိမ်ကြီးစျေးဓမ္မာရုံတို့တွင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို၊ ကျန်းမာရေးဝန်းထမ်းများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်စီဂျင်လည်ပတ်မှုနှုန်းတိုင်းတာခြင်းကိုယ်အပူချိန် တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။

ဗဟန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက် ရှိပြီး၊ ယနေ့တွင်မင်္ဂလာစျေး ဓမ္မာရုံ၌ ဒုတိယအကြိမ်ကာကွယ်ဆေး လာရောက်ထိုးနှံသူ စုစုပေါင်း(၅၂၃)ဦးရှိကြောင်းသိရသည်၊

အလားတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သိမ်ကြီးစျေးဓမ္မာရုံတွင် ရပ်ကွက်အလိုက် ၁၈ နှစ်နှင့် အထက် ပထမအကြိမ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း(၁၃၃)ဦး ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့များ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အသင်းများပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေ ချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိသည်။

​အောင်မြင့်(ပြန်/ဆက်)