ထန်းတပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၃၀၄)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ (အခမဲ့) နေ့ချင်းပြီး ဆောင်ရွက်ပေး

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိ စစ်ရေးကတ်ပြားများကို (အခမဲ့) ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် အခြေခံပညာကျောင်းများ အရောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက  အ.ထ.က (ကျူတော)၊ အ.ထ.က (ခွဲ)အတွင်းရေကျော်နှင့် အ.ထ.က(ခွဲ)ကျိုက္ခနာ အခြေခံပညာကျောင်း (၃)ကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူ(၃၀၄)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးရာတွင်လည်း ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့် ဝန်ထမ်းများက အ.ထ.က(ကျူတော)ကျောင်းတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသည့်  ကျောင်းသား၊ ကျောင်းသူ(၁၂၅)ဦး၊ အ.ထ.က (ခွဲ) အတွင်း ရေကျော်ကျောင်းတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ(၁၃၄)ဦးနှင့် အ.ထ.က(ခွဲ) ကျိုက္ခနာကျောင်းတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ(၄၅)ဦး စုစုပေါင်း အခြေခံပညာကျောင်း (၃) ကျောင်းတို့တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ (၃၀၄)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃၀၄)ကတ်တို့ကို နေ့ချင်းပြီး(အခမဲ့)ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား၏ အရေးကြီးပုံနှင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန် လိုအပ်ပုံများကိုလည်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ပေးနေမှု အခြေအနေများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှု့အားပေး ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ စတင်၍ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်