ဒေါပုံ ဇန်နဝါရီ ၁၃
"လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူ များအား နိုင်ငံသားကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်များအရောက် နေ့စဉ်ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ဦးစီအရာရှိ ဦးမိုးကျော်သူညွန့်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ လ.ဝ.ကမှူး ဒေါ်အိဆွေဆွေဦး ဦးဆောင်သည့် ဝန်ထမ်းများက အောင်ချမ်းသာ ရပ်ကွက်ဓမ္မာရုံတွင် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀) ဦး၊ အိမ်ထောင်စု စာရင်းပြုလုပ်သူ(၅)ဦး၊ အသက် (၁၈)နှစ် ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်သူ (၈)ဦး စုစုပေါင်း (၂၃)ဦးကိုလည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မိမိတို့မွေးဖွားဇာတိမြေ အမြဲနေထိုင်လျက် အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံးမှ သိရသည်။
ယဉ်မော်(ပြန်/ဆက်)