မိုင်းပျဉ်း ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနရှိ (Community Center) ခန်းမတွင် ယမန်နေ့က ဆရာဦးအောင်သင်း၏ ပညာသာလျှင်နှင့် သစ်လွင်အတွေး ဆောင်းပါးစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-(၃) ဒေါ်ခင်သန္တာအောင်က လူတစ်ဦးခြင်းအတွက်ဖြစ်စေ၊ လူမျိုးတစ်ရပ်အတွက်ပင် ဖြစ်စေ၊ နိုင်ငံတစ်ခုအတွက်ပင်ဖြစ်စေ ပညာရေးကဏ္ဍသည် အရေးကြီးကြောင်းနှင့် ပညာမြင့်မှ တင့်တယ်နိုင်မည် ဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူအဖွဲ့ဝင်များဖြစ်ကြသည့် မမိုးသန့်သန့်ခင်နှင့် မအိတုံတို့က ပညာသင်ခြင်းဆိုသည်မှာ အတွေ့အကြုံ လက်ဆင့်ကမ်းခြင်း ဖြစ်ကြောင်းနှင့် သိတတ်သောဉာဏ်၊ ယင်းအသိဉာဏ်ကို ရရာရကြောင်းနှင့် ရှာဖွေဆည်းပူးအပ်သော အတတ်ဖြစ်ခြင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မိဘပြည်သူများနှင့် လူငယ်လူရွယ်များ စာဖတ်ရှိန် ပိုမိုမြင့်မားစေနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)