မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား  အသိပေးလိုက်လံနှိုးဆော်

မုဒုံ   ဇန်နဝါရီ  ၁၂

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများအရောက်  အသိပညာပေးလိုက်လံနှိုးဆော်သည်။

အသိပေးနှိုးဆော်ရာတွင် ကိုဗစ် -၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့်ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ ကူညီပံ့ပိုးမှုများအပြင်  ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု  ကောင်းမွန်ခြင်းတို့လဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံမှုသည်အနောက်နိုင်ငံများတွင် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံများဆီသို့ ရောက်ရှိလာပြီဖြစ်ရာ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါကို ကာကွယ်တားဆီးနိုင်ရေးအတွက် အထူးသတိပြုကြရမည်ဖြစ်ကြောင်း၊  မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ထွက်တိုင်း    နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ် ဦး  ခြောက်ပေအကွာနေထိုင်ခြင်း  စသည့်ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထား သောစည်းကမ်းချက်များအား ပြည်သူများအနေဖြင့် ဆက်လက်လိုက်နာကျင့်သုံးသွားကြပါရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန်  တိုက်တွန်းနှိုးဆော်ခဲ့ကြောင်းသိရသည်။ 

အောင်မျိုးသူ(ပြန်/ဆက်)